တောင်သူများသိထားစေချင်သည့် ပိုးသတ်ဆေး

မြန်မာနိုင်ငံ၏ သီးနှံစိုက်ပျိုးထုတ်လုပ်ရေးတွင်အသုံးပြုသော စိုက်ပျိုးရေးသုံး ဓါတုပိုးသတ်ဆေးများကို ၁၉၈၈ ခုနှစ်အထိ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုထဲမှ ဖြန့်ချီခဲ့ပြီး စျေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်လာသောအခါ ပုဂ္ဂလိကလက်ထဲသို့လွှဲပြောင်းပေးအပ်ကာ စျေးကွက်ထဲတွင် တရားဝင်ရောင်းဝယ်ခွင့်ပြုခဲ့ပါသည်။

ထိုသို့တရားဝင် ရောင်းဝယ်ဖောက်ကားခွင့်ပြုပေးရာ ၁၉၉၀ခုနှစ်တွင် ပိုးသတ်ဆေးဥပဒေကို ပြဌန်းခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ထံတွင် မှတ်ပုံတင်ရရှိပြီးမှ စျေးကွက်တွင် ရောင်းဝယ်ဖောက်ကားခြင်းကို ခွင့်ပြုခဲ့သည်။ ၂၀၁၆ခုနှစ်တွင် ခေတ်နှင့်လျော်ညီသော ပိုးသတ်ဆေးဥပဒေအသစ်ကို ထံမံပြဌာန်းခဲ့ပြီး ဖြစ်သည်။

စိုက်ပျိုးရေးကို လုပ်ကိုင်နေသောသူများအနေဖြင့် မိမိစိုက်ခင်းတွင် ပိုးမွှားရောဂါဖျက်ဆီးမှုမှ ကင်းဝေးစေရန်နှင့် သီးနှံအထွက်နှုန်း မထိခိုက်စေရန် စိုက်ပျိုးရေးသုံး ဓါတုပိုးသတ်ဆေးများကို သုံးစွဲနေရသည်။ ထိုသို့သုံးစွဲရာတွင် စျေးကွက်ထဲ၌ တရားဝင်မှတ်ပုံတင်ပြီး ရောင်းချနေသော ပိုးသတ်ဆေးများကိုသာ သုံးစွဲသင့်ပေသည်။

တရားဝင်မှတ်ပုံတင်ထားသော ဆေးဘူး/ဆေးထုပ်များတွင်
– မြန်မာစာအညွှန်းပါရှိသဖြင့် သုံးရမည့်ဆေးပမာဏကို လွယ်ကူစွာ တွက်ချက် ဖျော်စပ်အသုံးပြုနိုင်ခြင်း
– အသုံးပြုမည့် ပိုးသတ်ဆေးနှင့် မိမိစိုက်ပျိုးသီးနှံတွင် နှိမ်နင်းလိုသည့် ပိုး၊ ရောဂါ၊ ပေါင်း စသည်တို့အတွက် အသုံးပြုသင့်သည့် ပိုးသတ်ဆေးနှင့်နှုန်းထားကို လွယ်ကူစွာ သိနိုင်ခြင်း
– သက်တမ်းကုန်ဆုံးမည့်ရက်ကို ဖော်ပြထားသဖြင့် သက်တမ်းလွန်နေသော ပိုးသတ်ဆေးများကို လွယ်ကူစွာသိရှိနိုင်ခြင်း
– သီးနှံများ မခူးဆွတ်မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့် အချိန်ကာလ (PHI = Pre-Harvest Interval) ပါရှိသဖြင့် ပိုးသတ်ဆေးဓါတ်ကြွင်းများ ပါဝင်မှုမရှိစေရန် ပိုးသတ်ဆေးဖျန်းရက်ကိုချင့်ချိန် ဆောင်ရွက်နိုင်ခြင်း
– ပိုးသတ်ဆေးဖြန့်ဖြူးသော ကုမ္ပဏီ၏လိပ်စာ ပါရှိသောကြောင့် ပိုးသတ်ဆေးနှင့်၍ကိစ္စ​ကြီးငယ်ပေါ်ပေါက်ပါက ဆက်သွယ်နိုင်ခြင်း၊ သတင်းအချက်အလက်ရယူနိုင်ခြင်း၊ ကုမ္ပဏီ၏ တာဝန်ခံမှု၊ တာဝန်ယူမှုရှိခြင်း စသည့် အကျိုးကျေးဇူး ရရှိစေနိုင်ပါသည်။

တောင်သူများအနေဖြင့် တရားမဝင်ပိုးသတ်ဆေး၊ မြန်မာစာ အညွှန်းမပါသော ပိုးသတ်ဆေးများကို စျေးကွက်တွင် အလွယ်တကူဝယ်ယူသုံးစွဲနိုင်ခြင်း၊ စျေးနှုန်းသက်သာခြင်း၊ ပိုးသတ်ဆေးရောင်းသူ၏ အညွှန်းကောင်းခြင်းတို့ကြောင့် ဝယ်ယူသုံးစွဲကြသည်။

မြန်မာနိုင်ငံနှင့်ကုန်းတွင်းပိုင်းနယ်နမိတ် ထိစပ်သောနိုင်ငံများမှ တရားမဝင် ဝင်ရောက်လာသော ပိုးသတ်ဆေးများမှာ မြန်မာစာအညွှန်းမပါရှိခြင်း၊ ဆေးဘူး / ဆေးထုပ်ထဲတွင် မည့်သည့်အဆိပ်ရှိ ပစ္စည်းများအား ပေါင်းစပ်ထည့်သွင်းထားခြင်း၊ မည့်သည့်ဆေးနှုန်းထားဖြင့် ဖျန်းရမည် စသည်တို့ကို ဖတ်ရှုနားလည်ရန် ခက်ခဲခြင်း၊ မတော်တဆ အဆိပ်သင့်သော ကိစ္စရပ်တွင်မူ မည်သို့ဆောင်ရွက်ရမည်ဟူသော အသိပေးချက်များ အပါရှိခြင်း၊ ပါရှိပြီး မဖတ်တက်ခြင်း၊ ကုမ္ပဏီ၏ တာဝန်ခံမှု တာဝန်ယူမှုအရှိနိုင်ခြင်း တို့ကြောင့် ထိုပိုးသတ်ဆေးများကို အသုံးပြုလျှင် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပြီး ဆေးဖျန်းသူ၊ သီးနှံစားသုံးသူများနှင့် ပတ်ယန်းကျင်အတွက် အလွန်စိုးရိမ်ဖွယ် ကောင်းလှပါသည်။